Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, March 8, 2011

အမေ့ရဲ့သားချော့တေး


အမေ............တေးဆိုသိပ်ပါ
ပြောတဲ့အခါဝယ် အမေငြင်းလို့
အို့..အေ့..အေ့..အို ပဲဆိုခဲ့တဲ့အမေ။

သားမောင်လူငယ် ကျောင်းနေစအရွယ်
ရောက်ခဲ့ပြန်တော့ ဟိုကဗျာလေးဆိုပြ
ဒီကဗျာလေးဆိုပြပါနဲ့ ပူဆာတတ်ခဲ့တယ်လေ။

အဲဒီအခါမှာ အမေငြင်းလို့..ဘုရား၊တရား၊သံဃာ
ထိပ်မှာထားလို့ မိဘ၊ဆရာ ပူဇော်ကွယ် ဆိုတဲ့
ကဗျာမမှီ စာမညီလေးကို ရွတ်ပြခဲ့တဲ့အမေ။


သားအိပ်ချင်လို့ တေးဆိုသိပ်ပါ
ပြောတဲ့အခါဝယ် အမေငြင်းလို့
အမေ့ပေါင်ပေါ် ဆွဲကာခေါ်လို့
အို..အေ့..အေ့..အို လို့ ဆိုသိပ်ခဲ့တဲ့အမေ။

သားမောင်နိုးစဉ် ကြည့်လိုက်စဉ်ဝယ်
အမေတစ်ယောက် စိတ်ကူးပေါက်လို့
ချည်ချချည်ငင် လုပ်နေစဉ်ဝယ်
ရစ်(ရစ်ခုံ)မှထွက်ပေါ် အသံတော်က
နားဝင်ပီတိ ဂွမ်းဆီထိသလို
အမေခတ်တဲ့ ယက်ကန်းသံလည်း
အချက်မှန်တော့ သံစဉ်ဖြစ်ခဲ့ပါတယ်အမေ။

သားမောင်လူလှ အခုချိန်မှာသိခဲ့တာက
အမေအိုဟာ သီချင်းမဆိုတတ်ပေမဲ့
အို..အေ့..အေ့..အို နဲ့ ရစ်ကမြည်သံ တညံညံနဲ့
ယက်ကန်းခတ်စဉ် ထွက်ပေါ်ခဲ့တဲ့ သံစဉ်မှန်မှန်လေးတွေဟာ
သားမောင်အတွက်တော့ သားချော့တေးဖြစ်ခဲ့ပါတယ်အမေ။

အခုချိန်မှာ သားမောင်လူလှ ညဥ့်နက်သန်းခေါင်
အိပ်မပျော်ပြန်တော့ အမေ့ရဲ့သားချော့တေးတွေကို
သတိရမိပြန်တယ်အမေ။
သံစဉ်ညီတဲ့ သီချင်းတွေကိုနားထောင်ပေမဲ့
သားမောင်လူလှ အိပ်မရခဲ့ပါဘူး အမေ။
အမေရဲ့ ယက်ကန်းသံနဲ့ ရစ်ကမြည်တဲ့အသံ
စည်းချက်ညီတဲ့ အဲဒီသံစဉ်ချိုချိုလေးတွေ
နားထောင်ရင်း သား..အိပ်ချင်မိတယ်အမေ။

ဘာပဲဖြစ်ဖြစ် အမေအိုဟာ တေးမဆိုတတ်ပေမဲ့
သားမောင်လူလှ အမေရဲ့သံစဉ်မညီ
စည်းမပီတဲ့ သံစဉ်အလှလေးတွေ
မြတ်နိုး တန်ဖိုးထားနေဆဲပါ အမေ။
အဲဒီသံစဉ်းလေတွေကို သားကိုထပ်ပြီး..ထပ်ပြီး..ထပ်ပြီး.
(ထပ်ပြီးခံစားခွင့် ပေးပါအုံးအမေ။ စံစားခွင့် ပေးပါအုံးအမေ)-3

(ငယ်ငယ်က အမေဗိုင်းငင်တဲ့အခါ၊ ယက်ကန်းခတ်တဲ့အခါတွေမှာ
အမေ့ရစ်က  ထွက်တဲ့အသံ ဗျီး..........ဗျီး..........ဆိုတဲ့
အသံလေးရယ်၊ယက်ကန်းခတ်တဲ့အခါမှာ ကျွီ ...ဂျောင်း...ကျွီ...
ဂျောင်း ဆိုပြီး အမေ့လက်ကခတ်လိုက်တဲ့ အမေ့လက်ခတ်သံလေး
တွေကို နားထောင်ရင်း အိပ်စက်ကြီးပြင်းခဲ့ရတာကို သတိရလို့ ပြန်ရေး
မိတာပါ။ ကျွန်တော် ရေးတာ ကဗျာလည်းမဟုတ်ပါဘူး၊စာလည်းမဟု
တ်ပါဘူး...)။ကျွန်တော်ရဲ့မကောင်းတဲ့ စာစုလေးကို လာဖတ်ကြမဲ့၊လာ
ဖတ်ကြတဲ့ မိတ်ဆွေတွေအားလုံးကိုကျေးဇူးတင်ပါတယ်။
မှတ်ချက်=စာမရေးတတ်လို့ စိတ်မကောင်းဖြစ်မိတယ်။
ရာဇာ(ကျေးတောသားလေး)
8.3.2011


2 comments:

ရွှေရတုမှတ်တမ်း said...

ရေးရင်းနဲ့ လက်တက်လာပါလိမ့်မယ်..ဘယ်သူဖြစ်ဖြစ် စရေးစတော့ ဝါကျမချောဘူးပေါ့..့ကဗျာကတော့ ဝါသနာလဲမပါ..စပ်လဲမစပ်တတ်တော့ မဝေဖန်တတ်ဘူး..ကောင်လေး..ကွေ့ကြီးကလား.ကနီ တော့ ရောက်ဖူးတယ် သန်းကောင်စာရင်းကောက်ရင်း၊ နေပူကုန်းတို့ နဂါးပေါက်တို့၊ သာဒွန်းတို့ မြစ်အနောက်ဖက်ရွာတွေမှာတော့ အဖေ့ ရဲ့ အဖေတူအမေကွဲ ညီတွေ နှမတွေရှိတယ်..

yar zar said...

ဟုတ်ပါတယ် ကိုကျောက်ရေ ကျွန်တော်က ကွေ့ကြီးကပါ။ကိုကျောက်က
ဘယ်ရွာကလဲဆိုတာ ညီ့ကိုပြောပါအုံး။ တစ်နယ်ထဲသားတွေတွေ့ရတာအ
ရမ်းဝမ်းသာမိပါတယ်ဗျာ။ အခုလိုအမြဲတမ်းလာလည်ပြီး ကွန်မန်းပေးတာ
ကိုလည်း ပြောမပြနိုင်အောင်ဝမ်းသာမိပါတယ်။

Post a Comment