Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, February 15, 2011

မန်ကျည်းပင်၏အသုံးဝင်ပုံများ


" တမာထမ်းပိုး ၊ မန်ကျည်းလက်ညှိုး "ဆိုတဲ့ ပုံခိုင်း အတိုင်း မန်ကျည်းပင် ကိုတော့ ကျွန်တော်တို့မြန်မာ
လူမျိုးတိုင်း ကလေး မှ အစ ၊ လူကြီး အဆုံး အားလုံးသိကြပါလိမ့်မည်။ ယခု ကျွန်တော်ပြောပြချင်တာက မန်ကျည်းပင်ရဲ့ အသုံးဝင်ပုံများ အကြောင်းကို ကျွန်တော်သိသလောက်      ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရွာကလေးမှာ အိမ်တိုင်းအိမ်တိုင်း သစ်ပင် မျိုးစုံ ရှိကြပါတယ်။ အထူးသဖြင့်တော့ တမာ
ပင် နဲ့ မန်ကျည်းပင်က တော့ အပေါဆုံးပေါ့...။   အိမ်တိုင်းမှာ သစ်ပင်တွေပေါများတဲ့အတွက်ကြောင့် ကျွန်တော်တို့ရွာကလေးက စိမ်းစိုလန်းဆန်း ပြီး အလွန့်ကိုမှ နေချင့်စဖွယ်ကောင်းပါတယ်။ ကျွန်တော် သူငယ်ချင်းတစ်ယောက်ကမေးဘူးပါတယ်..."။မင်းတို့ရွာကဘာလို့မန်ကျည်းပင်တွေဒီလောက်ပေါနေ
တာလဲတဲ့".....။ကျွန်တော်မဆိုင်းမတွပဲချက်ချင်းပြန်ဖြေလိုက်ပါတယ်။မန်ကျည်းပင်ကအရမ်းအသုံးဝင်
လို့ပေါ့လို့ပြန်ဖြေလိုက်ပါတယ်။"မင်းစဉ်းစားကြည့်စမ်းသူငယ်ချင်းမင်းအခုနေပူထဲကနေငါ့ဆီကိုလာခဲ့
တာလေ... မင်း ငါ့ရွာထဲကိုရောက်တာနဲ့ ပူလောင်မှုတွေ နဲသွားပြီမလား... ငါ့အိမ်ရောက်လို့ အိမ်ရှေ့
က  မန်ကျည်းပင်အောက်မင်းဝင်လိုက်တာနဲ့         အရမ်းပူလို့ ထွက်လာတဲ့ချွေးတွေက မြို့မှာ ရှိတဲ့ ပန်ကာဆယ်လုံးလောက်အဖိုးတန်တယ်လေ တန်းပြီးခြောက်သွားတယ်မလား။ အဲဒါက မန်ကျည်းပင်
ရဲ့ အရိပ်ကိုခို ရလို့ပေါ့ ။ နေပူလို့ အရိပ်ခိုလှုံ ဖို့ပဲလို့မင်းမထင်လိုက်နဲ့အုံးနော်...။ စကားပုံတစ်ခုရှိတ
ယ်လေ "နွေထနောင်း ၊ ဆောင်းမန်ကျည်း" ဆိုတာလေ...။      ဆောင်းရာသီရောက်ပြီဆိုရင်လည်း အခုမင်းဝင်လိုက်တဲ့ မန်ကျည်းပင်အောက်မှာပဲ ထင်းတွေပုံထားပြီး တစ်အိမ်လုံးရော၊       အလည်
လာတော့လူတွေရော မီးလှုံကြတယ်လေ။ ဘာလို့ မန်ကျည်းပင်အောက်မှာ မီးလှုံတယ်လို့မင်းထင်
လဲ...။ မင်းမသိရင် ငါပြောပြအုံးမယ်သူငယ်ချင်း မန်ကျည်းပင်က အရွက်စိပ် တယ်လေ ..အဲဒီတော့ အနွေးဓါတ်ပိုရတယ်..။နောက်ပြီး နှင်းကြတဲ့ အခါမှာလည်း နှင်းလုံတယ်လေ။( တစ်ခြားနိုင်ငံတွေ လို
နှင်းမှုန် အဖြူတွေကြခြင်းမဟုတ်ပါ။ မသိမသာကြနေတဲ့ နှင်းတွေက အရည်တွေပါတယ်လေ မနက် အိပ်ယာထတဲ့ အချိန်မှာဆို စိုရွှဲ နေတာကိုမြင်ဘူးကြမယ်ထင်ပါတယ်...)။ အဲဒီကတည်းက မန်ကျည်း
ပင်ရဲ့အရိပ်ဟာဘယ်လောက်အဖိုးတန်တယ်ဆို၊ဘယ်လောက်အဖိုးတန်တယ်၊ဘယ်လောက်အသုံးဝင်
တယ်ဆိုတာ မင်း   သတိထားမိလောက်ရောပေါ့....။        အေး နောက်ထပ် အသုံးဝင်တာတွေကို မင်းသိအောင်ပြောပြအုံးမယ်ကွာ...။  မန်ကျည်းပင် တစ်ပင် အရွယ်ရောက်လာပြီ ဆိုရင်ကို သူ့ ရဲ့ အညွန့်တွေ (မန်ကျည်းရွက်နုနုလေးတွေ) ကိုခူးပြီး ငါတို့တွေအတွက် ... ငါတို့တွေစားဖို့ အမျိုးအမျိုး ချက်ပြုတ်ကြတယ်လေ...။ မသိသူကျော်သွား ၊ သိသူဖော်စား ဆိုသလိုပေါ့ ဥာဏ်ရှိသလို အမျိုးမျိုး
လုပ်စားကြတယ်။ ငါသိသလောက် ၊ငါစားဖူး သလောက် လေးပြောပြအုံးမယ်ကွာ။ (၁)။။မန်ကျည်း
ရွက်ကိုခူးကြက်သွန်ဖြူနဲ့ထောင်း၊ငရုတ်သီးထောင်းငါးပိကင်၊ဆူးပုတ်ရွက်ကိုကင်းပုံရွက်၊ဂုံရွက် ကျီးအာရွက်နဲ့ရောပြီး ဟင်းချိုချက် ။ အိုး......... စားကောင်းလိုက်တဲ့ဖြစ်ခြင်း။
(၂)မန်းကျည်းရွက်ကိုခူးပဲကြီးဟင်းလေးချက်..  အဲဒီပဲကြီးဟင်းနဲ့မန်းကျည်းရွက်ကိုကြက်သွန်ပါးပါး
လေးလှီးထည့်ပေါင်းပြီးသုပ်စား (မန်ကျည်းရွက်သုပ် ....အိုး.......အရမ်းစားလို့ကောင်း)။ (၃)မန်ကျည်းရွက်ကို ခူး ဟင်းချိုလေးချက်သောက်။အိုး....အဲဒါလည်း သိပ် သောက်လို့ကောင်း။
(၄) မန်းကျည်းရွက်ကို ခူး ငါးပိနဲ့ ငရုတ်သီးနန်းခြင်း ထည့်ပြီးချက် ...အိုး...မန်ကျည်းရွက် ငါးပိချက် အရမ်းစားလို့ကောင်း..။
(၅) မန်းကျည်ရွက်ကို ပဲဟင်းချက်ပြီးသား အကျန်လေးနဲ့ ချက်...အိုး....မန်ကျည်းရွက် ပဲသိုးချက် စားလို့သိပ်ကောင်း....။
(၆) မန်းကျည်းရွက်ကို ခူး ရေနွေးအိုး (မြေအိုး ၊ဒါမှမဟုတ်ဒယ်အိုးနဲ့တည်ထား)ရေနွေးနဲနဲပူလာတဲ့
အချိန်မှာ မန်ကျည်းရွက်ကို ငါးပိ ၊ ငရုတ်သီး များများ၊ ဆီ၊ဆား၊ အချိုမှုန့် နဲနဲ ဆနွင်း ၊   အရောင်
တင်လေးနဲ့ ရောပြီး ရေနွေး ပူထဲမှာထည့်ပြီး အုန်းထား ကြက်သွားရင်တော့မန်ကျည်းရွက် ငါးပိအုံး
အိုး....... စားလို့ကောင်းမှကောင်း      ၀က်သားချက်နဲ့လဲ ပြီးမစားနိုင်ဘူး တကယ်ပြောတာ ..။
ရေးရင်းနဲ့တောင် စားချင်စိတ်တွေ ကြောင့် အိမ်ကမကြီးပင်ကြီးကို သတိရစိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာတော့တယ်...။
မန်ကျည်းရွက်ကိုခူး များများခူး နောက်ပြီး ရေနွေးဖျော   (ဖျောတယ်ဆိုတာ ရေနွေး ပူပူလေးနဲ့ ပြုတ်တာကိုပြောတာပါ...ကျက်အောင်ပြုတ်ထားတာမဟုတ်ပါ...ခပ်နွမ်းနွမ်းလေးဖြစ်သွားရင်ချ
လိုက်တယ်..)ပြီး ဆားလေးနဲ့နယ်ပြီး အိုးထဲမှာသိပ်ထားလိုက်ပါ....။အဲဒါကိုဂုတ်သိပ်တယ်လို့ခေါ်
ပါတယ်။ ဂုတ်သိပ်ပြီး နပ်သွားတဲ့အချိန်မှာတော့ မန်ကျည်းရွက် သိပ်ပြီးသားလေးကို ကတ်ကြေးနဲ့ ပါးပါးညှပ်ပြီး ကြက်သွန်စိမ်းလေးနဲ့ သုပ်စား (မြေပဲကြိုက်ရင် မြေပဲလေးလှော်ပြီး ထောင်းထည့်) မန်ကျည်းရွက် ဂုတ်သိပ် သုပ် အိုး.....အရမ်းကောင်း......အဲဒါလေးကလည်း အကြိုက်ဆုံး အစား
အစာထဲမှာ ပါပါတယ်။အဲဒါလေးတွေကတောအရွက်ရဲ့အသုံးဝင်ပုံလေးတွေပေါ့ကွာ...။


နောက်ထပ် အသီးရဲ့ အသုံးဝင်ပုံကိုလည်း ပြောပြအုံးမယ်ကွ...မန်ကျည်းပင်က အပွင့်တွေ ပွင့်ပြီးလို့နှစ်
ပတ် ၊ သုံးပတ်လောက်နေတော့ အသီးကင်းလေးတွေ စ၀င်ပါတယ်။ အဲဒီ အသီးလေးတွေ လက်တဆစ် လောက်ရှိပြီဆိုရင်တော့ အသီးလေးတွေကို ခူးပြီး ကြက်သွန်ဖြူ နဲ့ထောင်းစားပါတယ် ..။ အဲဒါကလည်း အရမ်းစားလို့ကောင်းပါတယ်။(ရင်ကြပ်တဲ့သူတွေကတော့သိပ်မစားကြပါဘူး)...။တော်တော်အရွယ်ကြီး
လာတဲ့အခါမှာတော့ မမှည့်ခင်ပေါ့ ။     (ရွာအခေါ် ကြက်ဆူသီး        မန်ကျည်းသီးအစိမ်းတောင့်)ကို အချဉ်ဟင်းချက်လို့မချဉ်တော့တဲ့အခါမှာအဲဒီအသီးကိုထည့်ပါတယ်)ချဉ်ရည်ရဲ့အရသာကိုပိုမိုကောင်းမွ
န်စေပါတယ်....။ အဲဒါကလည်း မကျည်းသီးစိမ်းလေးရဲ့ အသုံးဝင်ပုံပဲပေါ့ကွာ....။ မန်ကျည်းသီးအမှည့်
ရဲ့အသုံးဝင်ပုံလေးကိုလည်းပြောပြချင်သေးတယ်ကွာ....။  မန်ကျည်းသီးအမှည့်ကလည်းတော်တော်အ
သုံးဝင်တယ်လေ...။ မိုးဦးစကျတဲ့အချိန်မှာဆိုရင် လေနဲ့ မိုးက တွဲတွဲပြီးရွာတတ်တယ်...။ အဲဒီလို လေ
နဲ့ မိုး တွဲပြီးလာရင်တော့တို့ရွာကလူတွေတော်တော်ပျော်တယ်ကွ။အခြားလူတွေတော့မသိဘူးပေါ့ကွာ။ ဘာလို့ပျော်လဲဆိုတော့    လေတိုက်တဲ့အခါမှာ      မန်ကျည်းသီးတွေ       အရမ်းကြွေတယ်လေ.... ဖြိုးဖြိုးဖျောက်ဖျောက် တစ်ထောက်ထောက် နဲ့ပေါ့..။ မိုးရွာပြီးပြီ ဆိုတဲ့အချိန်ကြတော့ကိုယ့်မန်ကျည်း
ပင်က ကြွေတဲ့ အသီးကို တောင်းလေးတွေ နဲ့ မန်ကျည်းသီးကောက်ကြတယ်လေ...  အရမ်းပျော်ဖို့
ကောင်းတာပေါ့....။ မင်းကို ကြုံဖူးစေချင်တယ်ကွာ....။        အဲဒီလိုကောက်ပြီးတဲ့  အချိန်မှာတော့ မန်ကျည်းသီးတွေကိုစုပုံပြီးသိမ်းထားကြတယ်ကွ...။ဘာလို့လည်းဆိုတော့တောသူ၊ တောင်သားတွေ
ဆိုတော့ အဲဒီအချိန်က အလုပ်ရှုပ်တယ်လေ...။ အလုပ်အားတဲ့အချိန် ရောက်မှ မန်ကျည်းသီးတွေကို ကျောက်ခဲပြားတွေပေါ်တင်ပြီး ထုရတယ်လေ....။  ထုလို့ရတဲ့မန်ကျည်းအသားတွေကိုတော့ ဆားနဲ့
လုံးပြီး စားဖို့သိမ်းထားတတ်ကြတယ်....။ ပိုတာကိုတော့ အပိုဝင်ငွေအဖြစ်ရောင်းကြတာပေါ့.......။
တစ်ချို့အိမ်တွေကတော့မန်ကျည်းပင်တွေသီးပြီဆိုကထဲကပုတ်ပြတ်ရောင်းလိုက်ကြတယ်ကွာ။စား
ရိတ်ငြိမ်းတာပေါ့ ...။ သူတို့အတွက် အလုပ်မရှုပ်တော့ဘူးလေ....(ပုတ်ပြတ် ဆိုတာ တစ်ပင်လုံး ကို ဘာမှလုပ်ပေးစရာမလိုတော့ပါ သူတို့ကိုယ်တိုင်လုပ်ပါသည် ) ။နောက်ပြီး နွေရာသီ အရမ်းပူ တဲ့အ
ချိန်မှာ ရင်တွေ ပူတတ်ကြတာကိုတော့ မင်းလည်းသိမှာပါ..။အဲဒီအချိန်ရောက်ပြီဆိုရင်တော့ သိမ်း
ထားတဲ့နှစ်ချို့မန်ကျည်းသီးတွေကိုအိုးသေးသေးလေးတွေထဲမှာထည့်ပြီးမန်ကျည်းဖျော်ရေလုပ်ပြီး
လည်းသောက်ကြတယ်.. ရင်အေးအောင်လို့ပေါ့ကွာ ။ဝမ်းချုပ်တဲ့အခါတွေမှာလည်း ငါတို့ဆီက လူ
တွေကတော့ ၀မ်းနှုတ်ဆေး စားတယ်ဆိုတာ မရှိသလောက်ပဲကွာ ...။ မန်ကျည်းသီးလေးကိုဆားနဲ့ လည်းတို့စားတတ်ကြတယ် ၊   အရည်ဖျော်ပြီးလည်း သောက်ကြတယ် ။         အဲဒါတွေကတော့ ကျန်းမာရေးအတွက်ပေါ့....။  မန်ကျည်းသီး        ဘယ်လောက်အသုံးဝင်တယ်ဆိုတာကိုလည်း မင်းသိလောက်ရောပေါ့....၊။ နောက်ဆုံး တစ်ခု အနေနဲ့ ပြောချင်သေးတယ်ကွာ...။   မန်ကျည်း
ပင်ရဲ့အသားအကြောင်းပေါ့...သူကလည်းတောသူ၊တောင်သားတွေအတွက်တော်တော်အသုံးဝင်
တယ်ကွ.......။


ဘာလို့လည်း ဆိုတော့ မန်ကျည်းတစ်ပင် ခုတ်လိုက်ရင် အဲဒီအပင်ရဲ့ ကောင်းတဲ့ ဖြောင့်တဲ့ အကိုင်းတွေကို သေချာခုတ်ယူထားကြတယ်လေ...ဘာလို့လည်း     ဆိုတော့ ဆောင်းရာသီ ရောက်ရင် ယာခင်းတွေကို စောင့်ရတယ်လေ....အဲဒီအချိန် တဲဆောက်တဲ့အခါမှာ တိုင်အဖြစ် အသုံးပြုတယ်။    သူက     ခိုင်လည်း ခိုင်တာကိုးကွ....။ အဲဒီ မန်ကျည်းပင်ကပဲ ကျန်တဲ့ အကိုင်းတွေ အဖျားအနားတွေကို ထမင်းချက် ၊ ဟင်း
ချက်ဖို့ အတွက်     ထင်းအဖြစ် အသုံးပြုကြတယ်လေ။           အဲဒိတော့မင်း စဉ်းစားကြည့်ပါအုံး ငါတို့
စိုက်ထားတဲ့ ၊မင်းပေါတယ်လို့ ပြောထားတဲ့ မန်ကျည်းပင်က      ဘယ်လောက်အသုံးဝင်တယ်ဆိုတာကို မင်းကောင်းကောင်း          နားလည်လောက်ပါပြီကွာ...။     အဲဒီတော့    မန်ကျည်းပင် အကြောင်းကို ဒီမှာပဲရပ်လိုက်ကြရအောင်ကွာ....။
(ဒီပို့စ်လေးကိုဖတ်ပြီး ဗဟုသုတအနည်းအကျဉ်းရတယ် ဆိုရင်ကို ရေးရကျိုးနပ်လို့ပျော်ရွှင်နေမဲ့ လူတစ်ယောက်ကတော့ ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်.....။ )
ဖတ်တဲ့ သူတိုင်းရဲ့ ဝေဖန်မှု ၊ အကြံ ပေးမှုကို ကြားချင်ပါတယ်ခင်ဗျာ...။
ဒီပို့စ်ကို ဖတ်ပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်....။
သူငယ်ချင်း၊ မိတ်ဆွေ တွေအားလုံး အသိကို သတိနဲ့ ကပ်နိုင်ကြပါစေ......။

ရာဇာ( ကျေးတောသားလေး)
16.2.2011

2 comments:

Thandar Aung said...

မန်ကျည်း နဲ့ပတ်သက်တာတွေဖတ်ပြီး သရေတွေကျမိပါတယ်။ စားစရာတွေ။ ကျေးဇူးလည်းတင်ပါတယ်။ မန်ကျည်းပင်လေး တစ်ပင်လောက်လည်း စိုက်ပျိုးချင်မိပါတယ်။

littletaster said...

မန်ကျည်းပင်တပင်လုံးကို သရေကျသွားပါတယ်။။

Post a Comment