ဤအချိန်သည်ကား မိန်ရာသီ တပေါင်းလဖြစ်ပေသည်။ ဤလ ဤရာသီတွင် မနက်ပိုင်းမှာ မင်းလွင်မြူခိုးတွေစိုင်းနေတတ်ပါသည်။ ဂိန်မာန်ရာသီ အကူးဆိုတော့ လေတွေက ဟိုမှသည်၊ သည်မှဟို ဝေ့၀ဲတိုက်ခတ်နေသည့်အတွက် လေပွေ(ခေါ်)ဖုန်လုံးကြီးတွေက တလိမ့်လိမ့်တက်လို့။ နွေရာသီတပေါင်းလကား ရွက်ဟောင်း ကြွေ၍ ရွက်သစ်ဝေသော ရာသီဖြစ်ပေသည်။ သစ်ရွက်ဟောင်းတို့ ကြွေပြီး၊သစ်ရွက်အနုပုရစ်ဖူးလေးတွေကလည်းဝေစီလို့။တမာပန်းရနံ့လေးတွေကလည်းသင်းပျံ့မွှေးကြိုင်နေပြီး ရဲရဲနီနေတဲ့ လက်ပန်ပွင့်တွေလည်း ကြွေကျတဲ့ ရာသီပေါ့။ အဲဒီလကား ကျောင်းသူ၊ ကျောင်းသားတိုင်း စာမေးပွဲပြီးလို့ အနားယူကြတဲ့ရာသီပေါ့။ ကျွန်တော်တို့ငယ်ငယ်ကတော့ အပျော်နှစ်ခုတိုးတဲ့ ရာသီပေါ့ဗျာ။ အပျော်နှစ်ခုဆိုတာက စာမေးပွဲပြီးလို့ကျောင်းတွေ ပိတ်လို့ပျော်ကြတယ်.. နောက်ပြီး တပေါင်းလပြည့်က ကျွန်တော်တို့ရွာရဲ့ “အောင်ချမ်းသာစေတီတော်ဘုရားပွဲ”နေ့မို့ပါ။ ဆယ့်နှစ်လရာသီပွဲ ထဲမှာတော့တပေါင်း
လသဲပုံစေတီတော်ပွဲလို့ လူတိုင်းသိခဲ့ကြတာပါ။ ကျွန်တော်တို့ရွာကတော့ သဲပုံစေတီတော်ပွဲမလုပ်ပဲ ရွာ
မှာတည်ထားတဲ့ ဘုရားကို ဘုရားပွဲလုပ်ကြပါတယ်။
ကျွန်တော်တို့ရွာမှာ တစ်နှစ်ကို ဘုရားပွဲ နှစ်ပွဲရှိပါတယ်။ ၀ါခေါင်လကွယ်မှာ “ရှင်ပင်ကွမ်းကျောင်းမြတ်စွာဘုရား”၊ တပေါင်းလမှာ အခု“ အောင်ချမ်းသာမြတ်စွာဘုရားပွဲ” ဆိုပြီးပေါ့။ ရှင်ပင်ကွမ်းကျောင်းမြတ်စွာဘုရားကတော့ အလောင်းစည်သူမင်း ဖောင်နဲ့ လှည့်လည်တော်မူရင်း တည်ထားခဲ့တဲ့ ဘုရားပါ။ နယ်မြေတွေသတ်မှတ်ပြီး အရှေ့ဆိုရင် ဘယ်ရွာထိ ၊ အနောက်ဆိုရင် ဘယ်ရွာထိ၊ တောင်ဆိုရင် ဘယ်ရွာထိ၊ မြောက်ဆိုရင် ဘယ်ရွာထိ ဆိုပြီး ဘုရားပွဲတွေ လုပ်စေဖို့ ကျောက်စာထိုးခဲ့တာပါ။ အခု နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ရွာအပါအ၀င် ရွာပေါင်း (၅)ရွာပဲ ဘုရားပွဲလုပ်တော့တာပါ။ ကျွန်တော်တို့ နယ်ဘက်မှာ အလောင်းစည်သူမင်းကြီး တည်ခဲ့တဲ့ ဘုရားတွေ၊ ရွာအမည်တွေအများကြီး ရှိပါ
တယ်။ အဲဒါတွေကိုတော့ နောက်မှပဲ ရေးပါတော့မယ်။
(G_g)
အခုတပေါင်းလဘုရားပွဲကတော့ ကျွန်တော်တို့ရွာနဲ့ တောင်ဘက်ကရွာ နှစ်ရွာပေါင်းပြီး တည်ထားတာပါ။ အဲဒါကြောင့် ဘုရားပွဲကို တူတူလုပ်ပါတယ်။ နှစ်ရွာပေါင်းရင် အိမ်ခြေပေါင်း(၅၀၀)ကျော် (၆၀၀)နီးပါးရှိပေ
မယ့်လည်း ဘုရားက တစ်ဆူ၊ ဘုန်းကြီးကျောင်းကလည်း တစ်ကျောင်းပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ဘုရားကြီးက နှစ်ရွာ့ တစ်ရွာ သွေးကွဲသွားမှာ စိုးတဲ့အတွက် အပိုတွေမလုပ်ခိုင်းတာပါ။ ဘုရားပွဲလို့ ပြောလိုက်လို့ ကြီးကြီးကျယ်ကျယ်နဲ့ ပွဲတွေ၊ ရုပ်ရှင်တွေ၊ ပွဲဈေးတန်း
တွေ ပါတယ်လို့တော့ မထင်စေချင်ပါဘူး။ ရွာဘုရားပွဲဆိုတော့လည်း ရွာ အလျောက်ပေါ့ဗျာ။ ဒါပေမယ့် အရပ်ပြဇာတ်တွေ၊ ယိမ်းတွေ၊ မင်းသားယိမ်းတွေ၊ အကတွေ အဲလိုမျိုးတွေကတော့ ပါ-ပါတယ်။ ဟိုဘက်ရွာကလည်း အဲလိုပါပဲ...အကမျိုးစုံ နဲ့ပေါ့။ မပြိုင်ဘူး ဆိုပေမယ့်လည်း ဘုရားရောက်လို့ သူ့ရွာ ၊ ကိုယ့်ရွာအကတွေကပြီဆိုရင်တော့ပြိုင်သလိုတွေဖြစ်သွားကြစမြဲပါပဲ။တပေါင်းလဆန်းပြီဆိုတာနဲ့ ဘုရားပွဲရောက်တော့မယ်ဆိုပြီး ကလေးတွေကပျော်၊ လူကြီးတွေကပျော်ပေါ့။
လိုအပ်တဲ့ပစ္စည်းတွေကိုလည်း စုဆောင်းကြပြီပေါ့။ပစ္စည်းတွေဆိုတာ မုန့်ကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ပြောတာပါ။ ကုလားပဲ၊ ဆန်ကြမ်း၊ ကောက်ညှင်းဆန်၊ ထန်းလျက် အဲဒါတွေပေါ့။ လဆန်း(၇)ရက် (၈)ရက်လောက် ရောက်ရင်တော့ ကုလားပဲရေစိမ်ပြီး အခြောက်လှမ်းထားတဲ့ဟာကို မောင်းနဲ့ ထောင်းရပါတယ်။ ဆန်ကြမ်းလည်းထောင်းရတာပဲ၊ ကောက်ညှင်းဆန်လည်းထောင်းရတာပဲ
စက်နဲ့သိပ်မကြိတ်ကြပါဘူး။ မောင်းထောင်းတယ်ဆိုတာကတော့(၂)မျိုးရှိတာပေါ့...လက်နဲ့ထောင်းတဲ့ဟာ
ရယ်၊ ခြေထောက်နဲ့ထောင်းတဲ့ ဟာရယ်လေ။ အရင်တုန်းကတော့ မောင်းထောင်းသံဟာ ကျေးလက်ရဲ့ သီချင်းသံပါပဲ။ မောင်းထောင်းသီချင်းတွေ ရှိပါတယ်။
“ဟိုရှေ့ကဆူညံညံ
ဘာသံလို့မေး။
မေးပါနဲ့အေ
နောင်ချိုသူအလှူပေးတယ်
မောင်းသံတဲ့လေး”
အဲဒီ မောင်းထောင်းသီချင်းလေးကတော့ နောင်ချိုသူ အလှူလုပ်တဲ့အခါမှာ မောင်းထောင်းရတာလေးကို တင်စားထားတာပါ။ နောင်ချိုတင် မကပါဘူး..ကျွန်တော်တို့ အညာဒေသမှာဆို ဘာထောင်းထောင်း မောင်းနဲ့ ထောင်းတာများပါတယ်။ ပဲ၊ ပြောင်း၊ ငရုတ်သီး၊ ဆေးရိုး၊ ကောက်ညှင်းဆန်၊ ဆန်ကြမ်း စတဲ့ဟာတွေကို မောင်းနဲ့ထောင်းတာပါ။ အခုလို ဘုရားပွဲရာသီဆိုရင်တော့ ဟိုနားသွားလည်း ဂွက်..ဂွက်.၊ ဒီနားသွားလည်း ဂွက်...ဂွက်နဲ့.. မောင်းထောင်းသံ ကြားနေရတာလေ။ မုန့်မှုန့် ထောင်းပြီးပြီဆိုရင်တော့ ဗန်းတွေထဲမှာထည့်ပြီး ဖြန့်ထားပါတယ်။ အဲဒီထဲကိုလည်း မုန့်မှုန့်တွေ ချဉ်မသွားရလေအောင် သံကွမ်းညှပ် လေးတွေ ထည့် ထည့်ထားပါတယ်။ ကွမ်းညှပ် မှမဟုတ်ပါဘူး တခြားသံတွေလည်း ထည့်လို့ရပါတယ်။လူကြီးတွေ လုပ်တာ မြင်ဖူးတာပါ။ လဆန်း(၁၂)ရက် မုန့်ထောင်း၊ (၁၃)ရက်မုန့်ကြော်၊ (၁၄)ရက် ဧည့်ခံ၊ လပြည့်နေ့ ဆွမ်းချ (ဆွမ်းကြီးလောင်း) အဲလို ရက်လေးတွေ သတ်မှတ်ထားတာပါ။ (၁၂) ရက် မုန့်ထေားလို့ သတ်မှတ်ထားပေမယ့် ကြိုပြီးထောင်းကြတာ များပါတယ်။ ကျန်တာကတော့ သူ့ရက်အတိုင်းလုပ်ကြတာပါ။ မုန့်ကြော်တဲ့ရက်ကတော့ တစ်ရွာလုံးကို မုန့်ကြော်(ညှော်)ပဲ နံနေတာပါ။ အိမ်တိုင်းကြော်ကြတာလေ။ ကြော်တဲ့မုန့်တွေကတော့ မုန့်ဆီကြော်၊ ကုလားပဲခွေ၊ မုန့်ခဲဘွယ်၊ ညာတယာ၊ နှမ်းပထူ၊ ထိုးမုန့် အဲဒါတွေကြော်ကြတာ။ (၁၄)ရက်နေ့ ဧည့်ခံတဲ့ရက် ရောက်ပြီဆိုရင်တော့ ဘေးနား ပါတ်ဝန်းကျင်ရွာတွေကနေ ဧည့်သည်လုပ်ပြီးလာကြတာပါ။ အဲလိုလာတဲ့သူတွေကို အသားဟင်းအနေနဲ့ ၀က်သား၊ အမဲသား၊ ၀မ်းတွင်းသား၊ ၀က်အူ စတဲ့ဟာတွေ ချက်ကြပါတယ်။ အရန်ဟင်းကတော့ ပဲဟင်း၊ ငရုတ်ကြော်၊ ပဲတီချဉ်သုပ်၊ ကျောက်ဖရုံသီးဟင်းချို စတဲ့ဟာတွေနဲ့ ဧည့်ခံတာပါ။ ရွာနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတွေကလည်း မုန့်အလှူခံလာပါတယ်... တောင်းစားတဲ့သူတွေလည်း ပေါပါတယ်။ ဧည့်သည်တွေလည်း ပေါပါတယ်.. တစ်ရွာလုံး ဓါတ်စက်သံတွေကညံ၊ ကတ်ဆက် သံတွေကလည်း ညံနေတာပါပဲ။ ညနေရောက်တော့ တစ်ရွာလုံးက စုပြီးလှူထားတဲ့ မုန့်တွေကို အရပ်ထဲလှည့်ပြီး အ
ပျိုတွေ၊ ကာလသားတွေ၊ ကလေး၊ လူကြီး အစုံပါပဲ တန်းစီပြီးလှည့်ပြတာလေ (အညာအခေါ်ကတော့
ဘုရားပွဲအရပ်လှည့်ပေါ့)။ ညရောက်တော့ ညအိပ်လာတဲ့ဧည့်သည်တွေ ၊ ရွာခံတွေ အားလုံးကို ဇာတ်ခုံ
ထိုးပြီး အကမျိုးစုံ၊ တီးဝိုင်း၊ အရပ်ပြဇာတ် တွေနဲ့ ဧည့်ခံပါတယ်။ ပွဲလှမ်းသဘင် ရှားပါးတဲ့ အညာဒေသမှာ
တော့ အရမ်းပျော်ဖို့ကောင်းတာပေါ့ဗျာ။ စကားပုံတောင်ရှိသေးတာပဲလေ “ သူ့အရပ်နဲ့ ၊ သူ့ဇာတ်ပေါ့”။
မနက် (၃) နာရီခွဲလောက်ကျတော့ အရပ်လှည့်ပြီး ပြထားတဲ့ မုန့်မျိုးစုံကို ဘုန်းကြီးကျောင်းကို သွားလှူပါတော့တယ်။ ကျွန်တော် တစ်ခါမှ မလိုက်ဖူးဘူး အိပ်အိပ်ပျော်နေလို့လေ...:)။တပေါင်းလပြည့်နေ့ မနက်ခင်း(၇)နာရီလောက် ဆိုရင်တော့ ဆွမ်းကြီးလောင်းဖို့ ဘုရားကိုသွားကြပါတယ်။ မဝေးပေမယ့် လှည်းတွေနဲ့သွားကြတာလေ။ အပြန်ခါ ရောက်ပြီဆိုရင်တော့ အပြိုင်အဆိုင်မောင်းကြရော နောက်ကျတဲ့
လှည်းကို ကျော်သွားတဲ့လှည်းက ညာသံပေးနဲ့ အို...အရမ်းပျော်ဖို့ ကောင်းတာလေ။ ခြေလျင်သွားကြတဲ့
သူတွေကတော့လှည်းတွေကိုရှောင်ထားအုံးတော့ပဲ။ဖုန်လုံးကြီးတွေဆိုရင်လည်းလိမ့်တက်နေတာလေ။ အခုတော့ရွာရဲ့တောင်ဘက်ကပ်လျက်တာမြောင်းဖောက်လိုက်တော့လှည်းလမ်းကို ကန့်လန့်ဖြတ်သွားတာလေ။အဲလိုဆိုတော့လှည်းတွေနဲ့မသွားတော့ဘူး။ပျော်စရာကောင်းတဲ့ဓလေ့လေး တစ်ခုတော့ပျောက်သွားသလိုတောင်ဖြစ်နေပြီလေ...။ အဲဒီအတွက် အရမ်းနှမြောမိတယ်ဗျာ။သံဃာတွေ
ကတော့ ရွာနားချုပ်စပ် အကုန်ပင့်ပါတယ်။ သံဃာ (၃ ၊ ၄၀၀) ရှိတာပေါ့ဗျာ။ အဲဒီသံဃာတွေ ဆွမ်းလောင်းဖို့အတွက်က မုန့်တွေကို သပ်သပ် ခွဲကြော်ပါတယ်။ တစ်ပါးတစ်ခု လောင်းတယ်ဆိုပေမယ့် ဘုန်းကြီးကျောင်း တစ်ကျောင်းကို မုန့် တောင်းကြီးတွေနဲ့ အပြည့်ရတာပါ။ ဘုန်းကြီးတွေက လှည်းတွေနဲ့လာကြတာလေ ကိုရင်တွေရောပေါ့။ ပြန်ပြီဆိုရင်တော့ မုန့်တောင်းကြီးတွေ ပြည့်နေတာပေါ့။ ဆွမ်း၊ ဟင်းကိုတော့ တစ်ရွာလုံးစုပေါင်းပြီး လောင်းကြတာပါ။ နှစ်ရွာဆိုတော့ ဆွမ်းတွေရော၊ ဟင်းတွေရော၊ မုန့်တွေရော အများကြီး ရကြတာလေ။ အက အဖွဲ့တွေကလည်း အပြိုင်အဆိုင်ပေါ့။ အားလုံးပြီးပြီဆိုရင်တော့ အကအဖွဲ့တွေက ရွာထဲမှာလိုက်ပြီး က တော့တာပဲ။ တစ်ရွာလုံးကနေပြီး ဆုတွေချကြတာပေါ့ဗျာ။ ဘုရားပွဲပြီး ပြီဆိုရင်တော့ တစ်ရွာလုံးကို ငြိမ်သွားတော့တာပဲ။ တစ်ခါတစ်လေ များဆို တွေးတောင်တွေးမိတယ်...“သြော်..အဖြစ်အပျက် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှပါလား
လို့”လေ။ ဘုရားပွဲ တစ်ခါ ပြီးသွားပြန်ရင်တော့ နောက်တစ်ခါ ဘုရားပွဲရောက်ဖို့ စောင့်ရပြန်ရော။
ကိုယ့်ရပ် ကိုယ်ဒေသကေ တာအရပ်ပေမယ့်လည်း ကိုယ့်ရပ် ကိုယ်ဌာနေရဲ့ ပွဲလမ်းသဘင်၊ အခါကြီး ရက်ကြီးတွေကိုတော့ အမြဲတမ်းသတိရနေမိတယ်။ ပြောရရင်တော့ လွမ်းတာပေါ့ဗျာ။ ကျွန်တော့်လိုပဲ ကိုယ့်ရပ် ၊ ကိုယ့်ဒေသကို လွမ်းနေတဲ့သူတွေ တစ်ပုံကြီးရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။ အားလုံးကို ကိုယ်ချင်းစာပါတယ်။
(တပေါင်းလပြည့်နေ့ အမှတ်တရ ရေးဖွဲ့ ခံစားသည်........)
(ကျွန်တော့်ရဲ့ ရေးသားချက်များ အဓိပ္ပါယ်မပေါ်လွင်ခဲ့ပါက ကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်.........
ရာဇာ(ကျေးတောသားလေး)
19.3.2011
3 comments:
ရွာ အောင်ချမ်းသာစေတီက သဗ္ဗေညု ဘုရားနဲ့ ပုံသဏ္ဍန်တူတယ်နော်...
မောင်ရင်တို့ ငယ်ငယ်က စာသင်ပေးတဲ့ ဆရာမ ကိုက စ လုံး ဆလိမ် ကွဲပြားအောင် သင်မပေးလိုက်ဘူး ထင်တယ်..
လက်ဦးဆရာ က အရေးကြီးတယ်၊ ခုခေတ် ဆရာမတွေ ကလဲ ခပ်ညံ့ညံ့တွေက တော်တော်များတယ်၊
ပုံမရှိတာနဲ့ ကောက်တင်လိုက်တာပါ ကိုကျောက်ရေ။
ကျေးဇူးတင်ပါ၏
မောင်းထောင်းသံကို ကျုပ်နားတော့ ဂျုန်း ဂျုန်း လို့ကြားမိတယ် မှတ်တာပဲ :D ရွာတုန်းကများ မောင်းထောင်းရင် နောက်ကနေ ခုန်ပြီးနင်းတာ မောင်းကျည်ပွေ့ နဲ့မောင်းခွက် လွဲအောင်ကို ထောင်းတယ်...ငယ်ငယ်ကပါ ဆော့ရမယ့်အချိန် မောင်ထောင်းခိုင်းလို့....:D
Post a Comment